www.aungkaungpyizaw.facebook.com
    သတင်း မာန်အောင်မြို့နယ်တွင် နွားဈေးမြင့်တက်နေ



အောင်ကောင်းဇော်၊ DMG

အောက်တိုဘာ ၁၈၊ မာန်အောင်

မာန်အောင်မြို့နယ်တွင် နွားဈေး ယခင်နှစ်ထက်  မြင့်တက်မှုရှိလာသည်ဟု နွားဝယ်သူများက ပြောကြသည်။

၃ နှစ်အရွယ် နွားတစ်ကောင်လျှင် အနည်းဆုံး ငွေ ၇၀၀၀၀၀ ကျပ်ကျော်နှင့် ၅ နှစ်သား တစ်ကောင်လျှင် ၁၅ သိန်းကျော်ရှိကြောင်း သစ်ပုံကျေးရွာမှ ဦးခင်မောင်သန်းကဆိုသည်။

"အခု နွားဈေးက (၃)နှစ်သားတစ်ကောင်ကို ၇၀၀၀၀၀ ကျပ်  အထက်မှာ ရှိတယ်။(၅) နှစ်သား တစ်ကောင်ဆိုရင် ၁၄ သိန်း ၁၅ သိန်းအထက်မှာ ရှိတယ်။ နွားဈေးတွေက အရမ်းမြင့်တယ် "ဟု ၎င်းကပြောသည်။

ယခင်နှစ်အတွင်း  (၃)နှစ်သားအရွယ် နွားတစ်ကောင်လျှင် ငွေ ၄၅၀၀၀၀ ကျပ်နှင့် (၅)နှစ်သား နွားတစ်ကောင်လျှင် ငွေ ၇၀၀၀၀၀ ကျပ်ကျော် ရှိခဲ့ရာမှ ဈေးမြင့်တက်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ နွားဈေးမြင့်နေခြင်းမှာ နွားဝယ်ယူသူ များပြားသောကြောင့် ဖြစ်သည်။ အဆိုပါ နွားများကို လုပ်ကိုင် စားသောက်ရန်အတွက် မဟုတ်ဘဲ တစ်ခြားနေရာများသို့ တင်ပို့နေခြင်းကြောင့် ဈေးမြင့် တက်နေခြင်းဟု လုပ်ကိုင်စားသောက်ရန် နွားလိုက်လံရှာဖွေဝယ်ယူနေသူ ကိုညီညီက ပြောသည်။

"အခုနွားဈေးမြင့်တယ်ဆိုတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုပို့တာကြောင့် နွားဈေး မြင့်နေတာပါ။ ဝယ်တဲ့သူတွေကလည်း အရမ်းများတယ်။ ကျနော့်မှာဆို အိမ်ကနွားကိုရောင်းပြီး အလုပ်လုပ်ဖို့ နွား ပြန်ရှာတာ ရှာလို့မရတော့ဘူး”ဟု ၎င်းကဆက်လက်ဆိုသည်။

Comments